သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာနကို အာဇာနည်နေ့တွင် စတင်ဖွင့်လှစ် |
Sunday, 22 July 2012 14:07 |
![]()
အကြောအဆစ် ရောဂါဝေဒနာရှင်များအား ကုသပေးနေမှုကို တွေ့ရစဉ်
ယင်းဌာနကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ နှင့်ဌာနတွင် ကုသပေးသည့်ပါမောက္ခ ဒေါက်တာဦးသန်းတိုးတို့မှဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ခေတ်မီကုထုံးကုနည်းပညာရပ်များ အသုံးပြု၍ ပါမောက္ခဒေါက်တာ ဦးသန်းတိုးမှ ဦးဆောင်ပြီး အခြားဆရာ ၀န်ခြောက်ဦးတို့နှင့်အတူ အကြောအဆစ် ဝေဒနာသည် ၁၀ ဦးအား စတင် ကုသပေးခဲ့ကြောင်း၊ ယင်းကုထုံးကို ဆရာဝန်ကြီးများမှ နေ့စဉ်အလှည့်ကျ ကုသိုလ်ဖြစ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူက “အာဇာနည်နေ့ မှာ အကြောအဆစ်ရောဂါနှင့် ကိုယ် အင်္ဂါပြန်လည်သန်စွမ်းရေး ဌာနကို စတင်ဖွင့်လှစ် ကုသပေးရတာ ၀မ်းသာပါတယ်”ဟု ပြောပြခဲ့သည်။ အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဌာနဖွင့်လှစ် ကုသပေးမှုနှင့် ပတ်သက်၍ ပါမောက္ခ ဒေါက်တာဦးသန်းတိုးက “လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ဦးကျော်သူနဲ့ အကြောအဆစ်ရောဂါ ဝေဒနာသည်တွေကို ဆေးကုသခန်း ဖွင့်လှစ်ဖို့ကို ပြောခဲ့ဖူးပါတယ်။ ဘယ်လိုစကြမလဲပေါ့၊၊ ဒီလိုနဲ့ တဖြည်းဖြည်း အချိန်ပေးလာရင်းနဲ့မှ အခုလိုအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တဲ့ အတွက်များစွာ ၀မ်းသာမိတယ်။ အရင်က အကြော အဆစ်နာကျင်ရင် ဘယ်မှာကုသရမှန်း မသိကြဘူး။ တရုတ်နည်းပညာကို အားကိုးပြီး သွားနှိပ်ကြတယ်။ အခုတော့ သုခကုသိုလ်ဖြစ် ဆေးခန်းမှာ ဒီကုထုံးရှိလာပြီ။ နောက်ပိုင်းတိုးချဲ့ ပြီး အောင်မြင်အောင် ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် ကိုယ်ဝန်ဆောင် မိခင်များအား ခွဲစိတ်မွေးဖွားမှုကို စတင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်မှစတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းကို ဖွင့်လှစ် ပြီး အထွေထွေ၊ အရိုးအကြော၊ အရေ ပြား၊ ကလေး၊ မျက်စိ၊ နားနှာခေါင်း လည်ချောင်း၊ သွား၊ အပ်စိုက်၊ ဓာတ်မှန်၊ မီးယပ်နှင့်သားဖွား၊ အသေးစား ခွဲစိတ်ကုသမှုတို့အပြင် အစိုးရဆေးရုံကြီးရှစ်ခုတွင် တက်ရောက်ကုသကြသော လူနာများအတွက် ဆေးဝါးကူညီ ထောက်ပံ့ခြင်းတို့ကို အခမဲ့ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ |