Thursday, August 9, 2012

အိမ်ထောင်သည်အမျိုးသမီးများအနေဖြင့် အသက်ငယ်ရွယ်စဉ် ကလေးစောစောယူရန်လို



အိမ်ထောင်သည်အမျိုးသမီးများအနေဖြင့် အသက်ငယ်ရွယ်စဉ် ကလေးစောစောယူရန်လို
ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 6 Aug, 2012
အသက်ကြီးမှအိမ်ထောင်ကျသူများအနေဖြင့် ကလေးယူရာတွင် အခက်အခဲများဖြစ်ပေါ်ပြီး အသက်အန္တရာယ်ရှိ သည့် အုပ်စုအတွင်းသို့ရောက်ရှိနိုင်သဖြင့်ကလေးစောစောယူသင့်ကြောင်း ဆေးပညာရှင်များက အကြံပြုပြော ဆိုကြသည်။
သက်ကြီးမိခင်မှ မွေးဖွားလာသည့်ကလေးများအနေဖြင့်လည်း မိခင်ထံမှလွယ်ကူစွာ ရောဂါကူးစက်နိုင်ကြောင်း ဆရာဝန်များထံက သိရှိရသည်။
အသက်(၃ဝ)ကျော် အမျိုးသမီးများအနေဖြင့် ကလေးမွေးဖွားရာ၌နို့ကင်ဆာ၊သားအိမ်ကင်ဆာ၊နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ အစရှိသော ရောဂါများဖြစ်ပေါ်နိုင်ပြီး ကလေးတွင်လည်း မိဘမှတဆင့် မွေးရာ ပါမျိုးရိုး ဗီဇရောဂါများ ဖြစ်ပွားနိုင်ခြင်းဖြစ်သည်။
 အသက်ကြောင့်ပေါ့နော်၊ဆိုးကျိုးတွေ ပိုဖြစ်နိုင်ချေများတယ်၊ အသက်ကြီးမှ ကလေး မွေးမယ်ဆိုရင် လူကြီး အတွက်လည်း မကောင်းနိုင်ဘူး၊ ကလေးအတွက်လည်းမွေးရာပါရောဂါတွေပါလာနိုင်တယ်၊ ဒါ့ကြောင့် ဆေး ပညာရှုထောင့်အရဆိုရင် အမျိုးသမီးတွေ အသက်(၂၄)မှ (၂၈)ထိကို သားသမီးယူဖို့ အကောင်းဆုံးပဲ၊ ၃၅ နှစ်လောက်ဆိုရင်လည်း ကျန်းမာရေးအတွက်မကောင်းနိုင်ပါဘူး၊ အန္တရာယ်ရှိနိုင်ပါတယ် ’’ ဟုအလုံမြို့နယ်၊ ဝင်းဆေးခန်းမှ   ဒေါက်တာမြင့်ဦးက ပြောသည်။
အမျိုးသမီးများသည် အပျိုဖော်ဝင်စအချိန်မှစ၍ သွေးဆုံးချိန်အထိ မျိုးဥပေါင်း(၅ဝဝ)ကျော် ရှိပြီး မျိုးဥသည် တစ်လလျှင် တစ်လုံးနှုန်းဖြင့် ကြွေတတ်ကြောင်း၊ထိုသို့ကြွေလာရာမှ နှစ်ပေါင်း(၄၅)နှစ်ကြာသောအခါ ကြွေစရာမျိုးဥ မရှိတော့သောကြောင့် သက်တမ်းရင့်  (နှစ်-၃ဝ/၄ဝ ကျော်)လာသည့်မျိုးဥနှင့် ကလေးစပ်မည် ဆိုပါက ကလေးတွင် မျိုးရိုးဗီဇ ကြောင့်ဖြစ်သောရောဂါများလွယ်လွယ်ကူကူဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။
 အညာဘက်တွေ၊တောဘက်တွေမှာဆို ပိုဆိုးသေးတယ်၊ အသက်ကြီးမှ ကလေးမွေး၊ မွေးတော့ လည်း တောအရပ်တွေဆိုတော့ ဆေးဝါးတွေက ပြည့်စုံမှုမရှိလို့ အသက်ဆုံးရှုံးရတဲ့ မိခင်တွေ၊ကလေးတွေ အများကြီး ရှိပါတယ်၊ ဒါကြောင့် အသက်ကြီးမှ ကလေး မွေးမယ်ဆိုရင်လည်း မမွေးခင် ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေနဲ့ ပြသပြီး မွေးရင်လည်း အရပ်လက်သည်တွေနဲ့ မမွေးပဲနဲ့ဆေးရုံကြီးမှာမွေးသင့်ပါတယ်’’ဟုသားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောသည်။
အသက်(၃၅)နှစ်အထက်မှ အိမ်ထောင်ကျပြီး ကလေးယူလိုသူများအနေဖြင့် ကျန်းမာရေး အမြဲစစ်ဆေးရန် လိုအပ်ကြောင်း၊ကလေးမယူခင်၌မျိုးရိုးဗီဇအထိ စစ်ဆေးသင့်ကြောင်း၊မိသားစုဆရာဝန်များနှင့် တိုင်ပင်ဆွေး နွေးသင့်ကြောင်းနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် ကျွမ်းကျင်သော သားဖွားမီးယပ်နှင့် ပြသ၍ ဆေးဝါးကိရိယာများ စုံလင်သည် ဆေးရုံကြီးများ၌မွေးဖွားသင့်ကြောင်း ဆရာဝန်ကြီးများက အကြံပြုပြောဆိုကြသည်။

Wednesday, July 25, 2012

အဆုပ်ရောဂါ (Tuberculosis) ကုထုံးသစ် နဲ့ ကာကွယ်ရေး

အဆုပ်ရောဂါ (Tuberculosis) ကုထုံးသစ် နဲ့ ကာကွယ်ရေး

အဆုပ်ရောဂါ (Tuberculosis) ကုထုံးသစ် နဲ့ ကာကွယ်ရေး
ကိုဝင်းမင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization) က TB ရောဂါကြောင့် နှစ်စဉ်လူပေါင်း နှစ်သန်းနီးပါး သေနေရပြီး၊ နောက်ထပ်လူပေါင်း သန်းပေါင်း ၂၀၀၀ ခန့်ဟာလည်း ဒီရောဂါဖြစ်လာဖို့ အန္တရယ်ထဲ ကျရောက်နေတယ်လို့ သတိပေးထားပါတယ်။ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့ TB အဖြစ်ဆုံး နိုင်ငံတွေထဲမှာ ပါနေပါတယ်။
အခု တွေ့ရှိလိုက်တဲ့ ကုထုံးသစ်မှာ Isoniazid နဲ့ Rifapentine ဆေး နှစ်မျိုးတွဲအသစ်ကို (၃) လကြာ တပတ်တကြိမ်ပဲ ဆေးကုသမှု့ ခံယူဖို့လိုပြီး၊ လက်ရှိ ပုံမှန်သုံးနေတဲ့ (၆) လ သို့မဟုတ် (၉) လကြာအောင် ဆေး နှစ်မျိုးထက်ပို နေ့စဉ်ရက်ဆက် သောက်ရတဲ့ ကုသမှု့တွေလိုပဲ ဒီ ကုထုံးသစ်က ထိရောက်မှု့ရှိပါတယ်၊ ဒီဆေးအတွဲသစ် သောက်ရတဲ့ဒဏ်ကိုလည်း လူတွေပိုခံနိုင်ပြီး ဆေးကုန်အောင် ပိုသောက်နိုင်ကြတယ်လို့ စမ်းသပ်တွေ့ရှိ လိုက်ပါတယ်။

လက်ရှိ ပုံမှန်သုံးဆေးတွဲတွေမှာ ဆေးအခွက် စုစုပေါင်း ၂၀၀ (သို့) ၃၀၀ နီးပါးသောက်နေရာကနေ၊ အခုအသစ် တွေ့လိုက်တဲ့ ဆေးမှာ (၁၂) ခွက်စာပဲ သောက်ရတော့တဲ့ ကုထုံးသစ်ကို အမေရိကန်နိုင်ငံက Centers for Disease Control and Prevention (CDC) အဖွဲ့ကလည်း ထောက်ခံချက်ပေးလိုက်ပါပြီ။

ဒါပေမဲ့ မသုံးသင့်သေးတဲ့သူတွေကိုလည်း ဒီ CDC အဖွဲ့ကြီးကပဲ သတ်မှတ်ပေးထားပါတယ်။ ဘယ်လိုလူအမျိုးအစားတွေ အတွက် ကန့်သတ်ထားတာပါသလဲ။

မြန်မာနိုင်ငံ TB တိုက်ဖျက်ရေးလုပ်ငန်းမှာရော ဒီနှစ်အတွင်း ဘယ်လို တိုးတက်မှု့တွေ နဲ့ စိမ်ခေါ်ချက်တွေ ရှိလာခဲ့ပါလဲ။ TB ကာကွယ်ရေး ရှေ့မှာ ပိုအားကောင်းလာစေဖို့ ဘယ်အချက်တွေကို လူအများသိထားသင့်ပါသလဲ။

ဒီအကြောင်းတွေကို VOA သတင်းထောက် Art Chimes သတင်းပို့ထားတာနဲ့  မြန်မာနိုင်ငံထဲမှာ TB တိုက်ဖျက်ရေး ကိုယ်တိုင် လက်တွေ့လုပ်နေတဲ့ ဒေါက်တာအေးယုစိုး နဲ့ မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

Monday, July 23, 2012

အံ့ဖွယ်ကျောက်ချဉ်

 ကျောက်ချဉ်ဟာ သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူမှာ အလူမီနီယမ်ဆာလဖိတ်နဲ့ ပိုတက်ဆီယမ်ဆာလဖိတ် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။
ကျောက်ချဉ်ကို ရှေးဟောင်း အာယုဗေဒ ဆေးပညာရှင်ကြီးတွေက သီဝနတ်ဘုရားနဲ့ ခိုင်းနှိုင်း တင်စားလေ့
ရှိပါတယ်။ အဆိပ်ဟူသမျှဟာ သီဝနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်သွားတာနဲ့ တစ်ပြိုင်နက် အဆိပ်ပြေသွားကြရပါတယ်။ ကျောက်ချဉ်ဟာလည်း အဆိပ်ပြေ စေတဲ့ သတ္တိရှိတဲ့ အတွက် သီဝနတ်ဘုရား
နဲ့ ခိုင်းနှိုင်းတာ ဖြစ်ပါတယ်။
ကျောက်ချဉ်ကို အင်္ဂလိပ်လို Alum လို့ ခေါ်ပြီး သက္ကတဘာသာ အနေနဲ့ ဖစ်ကာရီိလို့ ခေါ်ပါတယ်။ ကျောက်
ချဉ်ဟာ ကိုယ်တွင်း ကိုယ်ပမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။
မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ  ကျောက်ချဉ်သည် ဖန်သည်၊ချိုသည်၊ချဉ်သည်။ ဒေါသ၊ ဓာတ်၊ မလတို့ကို
ခန်းခြောက်စေ၍ လူကို ပိန်စေတတ်သော ဂုဏ် ရှိသည်။ အဖျားရောဂါ၊ ဝမ်းတွင်းပိုး၊ အဆိပ်တို့ကို နိုင်သည်။ အနာများကို အသားနုတက်စေသည်။  အစာကိုကြေ  စေသည်။ သည်းခြေအားနည်းသည်ကို
လည်း ပြုတတ်သည်။ များစွာသော ဆေးတို့နှင့် ရောနှောအသုံးပြုကြသည်။  သွေး၊ သည်းခြေ၊ လေ၊ သလိပ်
တို့ အပူလွန်ခြင်း၊ အူသိမ်,အူမ  တွင်  ပြည်နာဖြစ်ခြင်း ၊ သလိပ်ခြောက်ခြင်း၊ အစားမကြေခြင်း၊ လေ, သည်းခြေ,သလိပ်ဟူသော  ဒေါသသုံးပါကြောင့်ဖြစ်သော အပုပ်နာ၊ ကုတ်ဟီးချောင်းဆိုးနာ၊ ကိုယ်လက်
ကိုက်ခဲသောအနာ ၊ သွေး၊ အသားခြောက်ကပ်သောအနာ ၊ ငန်းနာ၊ အဖျားကြောင့်ဖြစ်သော နူနာ အဖျား၊
မျက်စီနာ, ဆီးအောင့်သော အနာ, သူငယ်နာ, မြင်းသရိုက်, လိပ်ခေါင်းရောဂါတို့ကို  နိုင်၏ လို့ ဆိုထားပါတယ်။
ကျောက်ချဉ်ရဲ့ ဓာတုရသာ အကျိုးသွားတွေနဲ့ ပတ်သက်လို့  တိုင်းရင်းဆေးပညာ ဦိးစီိးဌာနက ထုတ်ဝေ
တဲ့ တိုင်းရင်းဆေးဌာနသုံး ဆေးနည်းများ စာအုပ်မှာ ကျောက်ချဉ်သည် အေး၊ချဉ်၊ဖန် ရသရှိပြီး ဝမ်းချုပ်စေခြင်း၊ လေချုပ်စေချင်း၊ သွေးချုပ်စေခြင်း၊ မပုပ်မသိုးအောင် ကကွယ်နိုင်ခြင်း ၊ အနာများကို
အသားနုတက်စေခြင်း၊ ခန္ဓာကိုယ်ရှိ ဒွါရပေါက် (ဝစ္စမဂ်နဲ့ ပဿာဝမဂ် ) (ကျင်ကြီိးပေါက်၊ဆီးပေါက်)
ကို ကျုံ့စေ၊ကျဉ်းစေခြင်းစတဲ့ အကျိုးသွားရှိကြောင်း ဖော်ပြထားပါတယ်။
ထိမိခိုက်မိလို့ ဒဏ်ရာ အနာတရဖြစ်ရင်၊ အရေပြားမှာ သွေးခြေဥရင် ကျောက်ချဉ်ကို ရေသန့်သန့် နဲ့
သွေးလို့ လိမ်းပေးနိုင်ပါတယ်။ အနာ အမြန်ဆုံးကျက်ပါလိမ့်မယ်။ ဆံပင်၊မုတ်ဆိတ်ရိတ်လို့ ဓားရှမိတဲ့ အခါမှာလည်း ကျောက်ချဉ် လိမ်းပေးရပါတယ်။ ရှေးက ဆတ္တာသည်တွေ ဟာ ကျောက်ချဉ်ကို အမြဲ
တမ်း ဆောင်ထားလေ့ရှိပြီး  ကျောက်ချဉ်ပွတ်ပြီးမှ မုတ်ဆိတ်ရိတ်ပေးကြ ပါတယ်။

ဒေါက်တာအောင်နိုင်(ဆေးသုတေသန)
ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ  စာအုပ်မှ ကောင်းနုတ်ထားပါသည်။

ကျန်းမာကြပါစေ.......... မင်းမင်းဇော်
































အမျိုးသမီးများ သွေးဆုံးချိန်တွင် အရိုးပွရောဂါဖြစ်ပွားနိုင်

DETAIL NEWS
အမျိုးသမီးများ သွေးဆုံးချိန်တွင် အရိုးပွရောဂါဖြစ်ပွားနိုင်
ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 23 Jul, 2012



 










အမျိုးသမီးများသွေးဆုံးချိန်တွင် အရိုးပွရောဂါဖြစ်ပွားတတ်သဖြင့်ဂရုပြုနေထိုင်သင့်ကြောင်း အထူးကုဆရာဝန်ကြီးများက သုံးသပ် ပြောဆိုကြသည်။
သွေးဆုံးချိန်တွင် အမျိုးသမီးများမှာလှုပ်ရှားမှုအားနည်းလာခြင်းကြောင့်အရိုးပွရောဂါနှင့်   နောက်ဆက်တွဲရောဂါများဖြစ်ပွား ရခြင်းဖြစ်ကြောင်း သိရသည်။
“အမျိုးသမီးတွေ သွေးဆုံးချိန်ဆိုရင် အရိုးပွရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါတို့ဖြစ်တတ်တာကို တွေ့ရတယ်။   သွေးဆုံးချိန်မှာအဲလိုရောဂါတွေမဖြစ်အောင် ကြိုတင်ပြင်ဆင်ပြီး ဂရုပြုနေထိုင်သင့်တယ်” ဟုသားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောသည်။
အမျိုးသမီးများအနေဖြင့် ကြွက်သားများသန်မာစေသော လမ်းလျှောက်ပေးခြင်း၊အရိုးများ သန်မာစေသော ပဲနို့၊ နို့များ    နေ့စဉ်သောက်သုံးသင့်ကြောင်း၊ပဲပိစပ်၊ တို့ဟူး၊ ပဲပြားစသည့် သဘာဝအားများဖြစ်သော အစားအစာများစားသုံးသင့်ကြောင်း၊ ကယ်လ်စီယမ်ဓါတ်ပါသောငါးလေးများအားစားသုံးခြင်းဖြင့်   သွေးဆုံးချိန်တွင်ခံစားရမည့်   ရောဂါဝေဒနာများ အားကာကွယ်နိုင်ကြောင်းကိုလည်း သိရှိရသည်။
အမျိုးသမီးများတွင် အသက် ၄၅နှစ်မှ ၅၀ကျော်တွင်း သွေးဆုံးလေ့ရှိကြောင်း၊သွေးဆုံးခြင်း(ရာသီမလာခြင်း) ကြောင့် သားဥမကြွေတော့ပဲ ကလေးမရနိုင်ခြင်း၊သားဥမကြွေခြင်းကြောင့် ဟော်မုန်းများ ထွက်မလာနိုင်တော့ပဲ ပူခြင်းချမ်းခြင်းဖြင့် မီးယပ်ချမ်းထခြင်း၊ ညအိပ်နေချိန်တွင် ချွေထွက်များခြင်း၊စိတ်အပြောင်းအလဲများ ဖြစ်ပေါ် ခြင်း၊ မျိုးပွားအဂါင်္မွေးလမ်းကြောင်းသွေး ခမ်းခြောက်ကာ ဆီးမထိမ်းနိုင်ခြင်းစသည့် လက္ခဏများဖြစ်ပေါ်တက် ကြောင်းဆရာဝန်ကြီးများ ပြောပြချက်အရသိရသည်။
“ကျွန်မတို့ အမျိုးသမီးတွေဟာ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အသိပညာတွေနည်းပါးနေတာတွေကို  တွေ့ရ ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအသိပညာပေးဖို့လိုပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကျန်းမာလာရင် သူရဲ့စွမ်းဆောင်ရည်တွေဟာ သူ့အတွက်တင်သာမက သူ့မိသားစု၊ သူ့နိုင်ငံအတွက်ပါ ပြည့်ဝစွာသုံးနိုင်ပြီးတော့ အကျိုးအင်မတန်ရှိပါတယ်” ဟု မြန်မာအမျိုးသမီးများအသင်းစွမ်းဆောင်ရှင်များ အသင်းမှ အကြံပေး ဆရာမကြီး ဒေါက်တာဒေါ်ခင်အေးဝင်းကပြောသည်။
အမျိုးသမီးများတွင် ကျန်းမာရေးအသိပညာဗဟုသုတများ တိုးပွားလာစေရန်၊အမျိုးသမီးများအနေဖြင့် မိမိတို့၏ မ သဘာဝဆိုင်ရာကိစ္စရပ်များနင့်ပတ်သက်၍လွတ်လွတ်လပ်လပ်တာဝန်သိစွာ ဆုံးဖြတ်ပိုင်ခွင့်နှင့်စောင့်ရှောက်နိုင်ခွင့်ရှိကြောင်း သိရှိနားလည်ရန် ကျန်းမာရေး ဟောပြောပွဲများတက်ရောက်သင့်ကြောင်း ဆရာဝန်ကြီးများက သုံးသပ်ပြောသည်။
“အပျိုဖော်ဝင်ကာစအရွယ်ကနေ သွေးဆုံးချိန်အထိ ဆောင်ရန်ရှောင်ရန်တွေအများကြီးရှိပါတယ်။ သားဖွား ခြင်းဆိုင်ရာ   ဆောင်ရန်ရှောင်ရန်တွေ၊ကျန်မားရေးစောင့်ရှောက်မူတွေစတဲ့ အကြောင်းအရာတွေကို အမျိုးသမီး ရှာဖွေ၊မေးမြန်း၊ လေ့လာပြီး နေထိုင်သင့်တယ်”ဟု သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီး တစ်ဦးက ဆိုသည်။
 

Sunday, July 22, 2012

သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာနကို အာဇာနည်နေ့တွင် စတင်ဖွင့်လှစ်


သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာနကို အာဇာနည်နေ့တွင် စတင်ဖွင့်လှစ် 


Sunday, 22 July 2012 14:07


7427
အကြောအဆစ် ရောဂါဝေဒနာရှင်များအား ကုသပေးနေမှုကို တွေ့ရစဉ်
နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အကြောအဆစ် ရောဂါဝေဒနာရှင်များ အားကုသပေးသည့် အကြောအဆစ် ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည်သန် စွမ်းရေးဌာန (Department of Physical Medicine and Rehabilation) ကို ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့)တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းဌာနကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ နှင့်ဌာနတွင် ကုသပေးသည့်ပါမောက္ခ ဒေါက်တာဦးသန်းတိုးတို့မှဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ခေတ်မီကုထုံးကုနည်းပညာရပ်များ အသုံးပြု၍ ပါမောက္ခဒေါက်တာ ဦးသန်းတိုးမှ ဦးဆောင်ပြီး အခြားဆရာ ၀န်ခြောက်ဦးတို့နှင့်အတူ အကြောအဆစ် ဝေဒနာသည် ၁၀ ဦးအား စတင် ကုသပေးခဲ့ကြောင်း၊ ယင်းကုထုံးကို ဆရာဝန်ကြီးများမှ နေ့စဉ်အလှည့်ကျ ကုသိုလ်ဖြစ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူက “အာဇာနည်နေ့ မှာ အကြောအဆစ်ရောဂါနှင့် ကိုယ် အင်္ဂါပြန်လည်သန်စွမ်းရေး ဌာနကို စတင်ဖွင့်လှစ် ကုသပေးရတာ ၀မ်းသာပါတယ်”ဟု ပြောပြခဲ့သည်။
အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဌာနဖွင့်လှစ် ကုသပေးမှုနှင့် ပတ်သက်၍ ပါမောက္ခ ဒေါက်တာဦးသန်းတိုးက “လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ဦးကျော်သူနဲ့ အကြောအဆစ်ရောဂါ ဝေဒနာသည်တွေကို ဆေးကုသခန်း ဖွင့်လှစ်ဖို့ကို ပြောခဲ့ဖူးပါတယ်။ ဘယ်လိုစကြမလဲပေါ့၊၊ ဒီလိုနဲ့ တဖြည်းဖြည်း အချိန်ပေးလာရင်းနဲ့မှ အခုလိုအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တဲ့ အတွက်များစွာ ၀မ်းသာမိတယ်။ အရင်က အကြော အဆစ်နာကျင်ရင် ဘယ်မှာကုသရမှန်း မသိကြဘူး။ တရုတ်နည်းပညာကို အားကိုးပြီး သွားနှိပ်ကြတယ်။ အခုတော့ သုခကုသိုလ်ဖြစ် ဆေးခန်းမှာ ဒီကုထုံးရှိလာပြီ။ နောက်ပိုင်းတိုးချဲ့ ပြီး အောင်မြင်အောင် ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် ကိုယ်ဝန်ဆောင် မိခင်များအား ခွဲစိတ်မွေးဖွားမှုကို စတင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်မှစတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းကို ဖွင့်လှစ် ပြီး အထွေထွေ၊ အရိုးအကြော၊ အရေ ပြား၊ ကလေး၊ မျက်စိ၊ နားနှာခေါင်း လည်ချောင်း၊ သွား၊ အပ်စိုက်၊ ဓာတ်မှန်၊ မီးယပ်နှင့်သားဖွား၊ အသေးစား ခွဲစိတ်ကုသမှုတို့အပြင် အစိုးရဆေးရုံကြီးရှစ်ခုတွင် တက်ရောက်ကုသကြသော လူနာများအတွက် ဆေးဝါးကူညီ ထောက်ပံ့ခြင်းတို့ကို အခမဲ့ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။